Skip to main content

ပို၍တိုးမြင့်လာနေသည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကြောင့် အစိုးရများထံမှ ပိုမိုမြန်ဆန်သော အရေးယူလုပ်ဆောင်ချက် တောင်းဆို

22 Jul 2020

သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းနှင့်ပတ်သက်၍ ITF ထုတ်ပြန်ချက် – 2020 ခုနှစ် ဇူလိုင်လ 16 ရက်

ယနေ့မှာ ITF မှ ကမ္ဘာ့အစိုးရများအား ‘တော်လောက်ပြီ ဆက်လက်သည်းမခံနိုင်တော့ပါ’ (‘Enough is Enough’) ဟု ပြောဆိုခဲ့သည့်နေမှစ၍ တစ်လ တင်းတင်းပြည့်သည့်နေ့ဖြစ်ပြီး အဖွဲ့ချုပ်နှင့် ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့များသည် ကမ္ဘာ့သင်္ဘောသားများအနေဖြင့် မိမိတို့၏ အလုပ်ကန်ထရိက် ကာလပြီးဆုံးပြီးနောက် အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန်၊ သင်္ဘောပေါ်မှ ဆင်း၍ မိမိတို့၏ အိမ်များနှင့် မိသားစုများထံ အိမ်ပြန်ကြရန် မိမိတို့၏ အခွင့်အရေးကို အသုံးချရာ၌ ပံ့ပိုပေးမည်ဖြစ်ပါသည်။

ယနေ့မှာ ITF နှင့် ပင်လယ်ရေကြောင်း အလုပ်ရှင်များ (IMEC, IMMAJ, KSA နှင့် Evergreen- JNG အဖြစ် ပူးတွဲစွာဖြင့် လူသိများသည်) ၏ ပူးတွဲ ညှိနှိုင်းရေး အုပ်စု  (Joint Negotiating Group) ရှိ ကျွန်ုပ်တို့၏ ဖက်စပ်သူများမှ အစိုးရများထံသို့ အပြီးသတ် “အကောင်အထည်ဖော်ပေးရန် ကာလ’ ပေးခဲ့သည့် နှစ်လ တင်းတင်းပြည့်သော နေ့လည်းဖြစ်ပါသည်၊ အဆိုပါကာလတွင် အစိုးရများအနေဖြင့် ၂၀၂၀ ခုနှစ် မေလ ၅ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြေင်း အဖွဲ့ချုပ် (International Maritime Organisation (IMO)) မှ ထုတ်ပြန်ထားသည့် အချက် ၁၂-ချက်ပါ လမ်းကြောင်းတွင် ဖော်ပြထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်တွေ့ကျကျ အရေးယူဆောင်ရွက်ချက်များကို ချမှတ်ပေးရန်ဖြစ်ပါသည်။

အဆိုပါ အရေးကြီးသည့်နေ့များနှင့် ယနေ့ အကြား အချို့သော အပြုသဘောကောင်းမွန်သော လှုပ်ရှားမှု ရှိခဲ့သော်လည်း အစိုးရများအဖို့ လက်တွေ့ကျကျ ခြွင်းချက်များပေးရန်နှင့် ကမ္ဘာအနှံ့ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး ဖြစ်မြောက်အောင်လုပ်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို သွတ်သွင်းပေးရန် တိုးတက်မှု လွန်စွာနည်းပါးလျက်ရှိသည်။ 

အလုပ်လုပ်ကိုင်ခြင်း မရပ်ဆိုင်းနိုင်ဘဲ၊ အိမ်မပြန်နိုင်ကာ သင်္ဘောသား အသစ်တို့ဖြင့် အလုပ်လွဲပြောင်းမနိုင်သည့် ထောင်ပေါင်း ရာနှင့်ချီသော သင်္ဘောသားများ ကျန်ရှိနေသေးသည်။ အဓိက အကြောင်းခံအဖြစ် အပြည်ပြည်ဆိုင်ရာ လေယာဥ်ခရီးစဥ် လျှော့နည်းမှုနှင့်တကွ၊ အကြီးမားဆုံး အကြောင်းရင်းမှာ Covid-19 ကူးစက်ပျံ့နှံ့မှုကို တွန်းလှန်ရန် အစိုးရများ၏ ချမှတ်ထားသော နယ်စပ်နှင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များ ဆက်လက်ရှိနေခြင်းကြောင့်ဖြစ်သည်။ ICS က ခန့်မှန်းတွက်ချက်ခဲ့သည်မှာ အစိုးရ Covid-19 နယ်စပ်နှင့် ခရီးသွား ပိတ်ပင်ကန့်သတ်ချက်များ၏ အကြောင်းရင်းကြောင့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းဖြင့် ယခု ထိခိုက်ခံနေရသော သင်္ဘောသားများမှာ အနည်းဆုံး 400,000 ဦးရှိပါသည်။ ၎င်းတွင် သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရသူတို့နှင့် မိမိတို့အတွက်နှင့် မိမိတို့မိသားစုများအတွက် လုပ်ခများ ရရှိအောင် သင်္ဘောပေါ်တက်ရောက်အလုပ်လုပ်မည့် စောင့်ဆိုင်းနေသူတို့ နှစ်မျိုးလုံးပါဝင်သည်။

IBF-အကျုံးဝင်သည့် သင်္ဘောများမှ နောက်ဆုံး အချက်အလက်များအပေါ် တွက်ချက်ခြင်းကို အခြေခံသော် ကျွန်ုပ်တို့ ခန့်မှန်းသည်မှာ ယခုအခါ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အကျပ်အတည်းကြောင့် သင်္ဘောများပေါ်၌ အလုပ်လုပ်ရင်း ချောင်ပိတ်မိခံနေရသည့် သင်္ဘောသား တစ်ကမ္ဘာလုံး ခန့်မှန်းခြေ 300,000 ရှိပြီး ညီတူညီမျှ အရေအတွက်မှာ ကုန်းပေါ်၌ရှိနေပြီး အလုပ်လက်မဲ့ဖြစ်ကာ အဆိုပါ သင်္ဘောများရှိ ထိုသင်္ဘောသားများနှင့် အလုပ်လွဲပြောင်းရန် စောင့်ဆိုင်းနေလျက်ရှိသည်။ ထို့ကြောင့် ဤအကျပ်အတည်းမှာ သင်္ဘောသား အယောက် 600,000 ကို ထိခိုက်ပါသည်။

“အစိုးရများအနေဖြင့် နိုးထလာပြီး သိရှိရမည်မှာ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး အောင်မြင်မှု မရှိဘဲ ကမ္ဘာ့သင်္ဘောများပေါ်၌ အလုပ်လုပ်ကိုင်ရင်း ချောင်ပိတ်မိခံနေရသော၊ မောပန်းပြီး ပင်ပန်းနွမ်းနယ်နေသည့် သင်္ဘောသားများ၏ အရေအတွက်မှာ သူတို့ကိုယ်တိုင်၊ သူတို့၏ သင်္ဘောများနှင့် ကျွန်ုပ်တို့၏ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်တို့အပေါ် အန္တရာယ်ဖြစ်စေအောင် ပိုမိုများပြားလာနေသည်ကို ရိုးရိုးစင်းစင်း လက်မခံနိုင်ပါ” “သင်္ဘောသားများနှင့် သူတို့၏ သမဂ္ဂများသည် အသက်၊ ဥစ္စာပစ္စည်းနှင့် ပတ်ဝန်းကျင်အပေါ် အလွန့်အလွန် စိုးရိမ်ပူပန်နေကြသည်၊ ကြီးမားသော ဘေးအန္တရာယ်တစ်ခု သို့မဟုတ် ဘေးအန္တရာယ်များ ဖြစ်ရန်အလားအလာများမှာ နေ့စဥ် ပေါ်ပေါက်နေသည့် အလျောက်ဖြစ်ပါသည်။ လူများမှာ သေကြေကြမည်ဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းများမှာ ညစ်ညမ်းလာပါမည်။

ကျွန်ုပ်တို့တွင် အဘယ်ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စည်းမျဥ်းများရှိရသည်မှာ ကောင်းမွန်သော အကြောင်းရင်းများ ရှိပါသည်၊ ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) အရ သင်္ဘောသား တစ်ဦး အလုပ်လုပ်နိုင်သည့် အများဆုံး အချိန်ပမာဏကို စည်းကြပ်ထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့တွင် အဘယ်ကြောင့် ဆိုးလပ်စ် စာချုပ် (SOLAS Convention)၊ အပြည်ပြည်ဆိုင်ရာ ဘေးကင်းလုံခြုံရေး စီမံထိန်းချုပ်မှု ကျင့်ထုံး (International Safety Management (ISM) Code) နှင့် လေ့ကျင့်သင်တန်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ စံနှုန်းများ (Standards of Training, Certification and Watchkeeping (STCW)) ရှိရသည်မှာ ကောင်းမွန်သော အကြောင်းရင်းများ ရှိပါသည်။ ဘေးအန္တရာယ်ဖြစ်မှုကြောင့်နှင့် ဘေးအန္တရာယ် အလားအလာအား တုံ့ပြန်ရန်အတွက် အားလုံးသော အဆိုပါ သက်ဆိုင်သည့် စာချုပ်များကို ချမှတ်ထားပါသည်။ ဘေးအန္တရာယ်ကို ရှောင်ကြဥ်ရန် ယခု အရေးပေါ် လုပ်ဆောင်ချက် လိုအပ်ပါသည်။

ပေါ်ပေါက်နေလျက်ရှိသည့် အကျပ်အတည်း တစ်လျှောက်လုံးတွင် ITF နှင့် ကျွန်ုပ်တို့၏ ဖက်စပ်သူများသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများ လုပ်နိုင်မည့် လက်တွေ့ကျကျ ပြောင်းလဲချက်များအတွက် သတိပေးမှုနှင့် ဖိအားပေးမှုကို တိုးမြှင့်လုပ်ဆောင်ရန် ကျွန်ပ်တို့ လုပ်နိုင်သမျှ အရာတိုင်းကို လုပ်ဆောင်လျက်ရှိပါသည်။ “ကျွန်ုပ်တို့သည် လက်တွေ့ကျကျ ဖြေရှင်းချက်များကို ရှာဖွေရန်နှင့် ၎င်းတို့ကို အစိုးရများထံ အဆိုပြုရန်အတွက် ကျွန်ုပ်တို့၏ ဖက်စပ်သူများနှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့ပါသည်။ 

ကျွန်ုပ်တို့၏ အားထုတ်မှုများမှာ ကမ္ဘာကုလသမဂ္ဂအနေဖြင့် ၎င်း၏ ပင်လယ်ရေကြောင်းဆိုင်ရာ အထူးပြု အေဂျင်စီဖြစ်သော IMO မှတစ်ဆင့် သင်္ဘောသားများအတွက် ဗီဇာ ကင်းလွတ်ခွင့်များအပါအဝင် ကျွန်ုပ်တို့၏ သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးအတွက် အဆိုပြုထားသည့် အခြေခံ လုပ်ကိုင်ပုံ စည်းမျဥ်းဘောင်ကို လက်ခံချမှတ်ခြင်းဆီသို့ ဦးတည်ခဲ့ပါသည်။ အဆိုပါ အချိန်၌ ဤလုပ်ထုံးလုပ်နည်းများကို လက်ခံချမှတ်ပေးခြင်းအားဖြင့် အစိုးရများနှင့် အဓိကကျသည့် ဖြေရှင်းချက်ကို ရရှိခဲ့ပါသည်၊ ၎င်းတို့အနေဖြင့် ကမ္ဘာ့ ကုန်သွယ်ရေးနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ချီရေး ကွင်းဆက်အပေါ် သင်္ဘောသားများ၏ အရေးပါသည့် ပံ့ပိုးပေးမှုကို အသိအမှတ်ပြုခဲ့သောကြောင့်ဖြစ်သည်။ ဤအပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုခြင်းမှာ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (United Nations’ International Labour Organisation (ILO)) ပါဝင်ပတ်သက်လာသည့်အခါ ပိုမို၍ခိုင်မာခဲ့ပါသည်၊ ပင်လယ်ရေကြောင်း စာချုပ်များ C108, C185 နှင့် ပင်လယ်ရေကြောင်း အလုပ်သမား စာချုပ် (Maritime Labour Convention) အရ မိမိတို့၏ တာဝန်များကို အစိုးရများအား သတိပေးခြင်းကြောင့်ဖြစ်ပါသည်။

ITF နှင့် ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ ဖက်စပ်သူများသည် အစိုးရများအား ‘အကောင်အထည်ဖော်ရေး ကာလ’ အဖြစ် ရက်ပေါင်း 30 အချိန်ပေးခဲ့ပါသည်၊ အဆိုပါကာလတွင် အစိုးရများအနေဖြင့် ထိရောက်သော သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးကို ပံ့ပိုးပေးရန် ဆိပ်ကမ်းနိုင်ငံများ၊ အလံတင်နိုင်ငံများနှင့် သင်္ဘောသားများ၏ မိခင်နိုင်ငံများ၌ လိုအပ်သည့် ပြောင်းလဲချက်များကို သွတ်သွင်းပေးရန်ဖြစ်ပါသည်။ အကောင်အထည်ဖော်ရန် ဤကာလ ကုန်ဆုံးသည့် ဇွန်လတွင် ကျွန်ုပ်တို့သည် ‘တော်လောက်ပြီ ဆက်လက် သည်းမခံနိုင်တော့ပါ’ (‘Enough is Enough’) ဟု ကြေညာခဲ့သည်။ 

သင်္ဘောသားများအနေဖြင့် အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းရန်၊ သင်္ဘောပေါ်မှ ဆင်း၍ မိမိတို့၏ မိသားစုများထံ အိမ်ပြန်ရန် အခွင့်အရေးကို မိမိတို့၏ အလုပ်ကန်ထရိုက် ပြီးပြီးချင်းနှင့် ထိုသို့လုပ်ရန်လုံခြုံလျှင် လုပ်ကိုင်ခြင်းကို ITF နှင့် ၎င်း၏ အဖွဲ့ဝင် အသင်းအဖွဲ့များက ပံ့ပိုးကူညီရန် အဆင်သင့်ဖြစ်နေကြောင်း ဤကန့်သတ်ချက်ဖြင့် ရှင်းရှင်းလင်းလင်း လုပ်ပေးခဲ့ပါသည်။ လွန်ခဲ့သည့်လ၌ ကျွန်ုပ်တို့သည် ထောင်နှင့်ချီသော သင်္ဘောသားများအား သူတို့အနေဖြင့် ဤ အခြေခံ အခွင့်အရေးကို မည်သို့ အသုံးချနိုင်ကြောင်း အကြံဉာဏ်ပေးခဲ့ပြီး ကူညီပေးခဲ့ပါသည်။

၎င်းကဲ့သို့ ရှင်းရှင်းလင်းလင်းလုပ်ပေးခြင်းအားဖြင့် သင်္ဘောသားများအနေဖြင့် သင်္ဘောများပေါ်တွင် သင်္ဘောသား အလုပ်အပြောင်းအလဲ မလုပ်ဘဲ ရာသက်ပန် အလုပ်လုပ်နေခြင်းကို ရိုးရိုးသားသား လက်ခံမည် မဟုတ်ကြောင်း ကျွန်ုပ်တို့ စိတ်ချနေပြီး ဤအကျပ်အတည်းကို ဖြေရှင်းပေးရန် ကျွန်ုပ်တို့သည် အစိုးရများအပေါ် တစ်ကမ္ဘာလုံးဆိုင်ရာ ဖိအားပေးမှုကို သိသိသာသာ ပို၍တိုးမြှင့်ပေးခဲ့ပါသည်။ ITF ၏ လုပ်ရပ်များက ဆိုလိုခဲ့သည်မှာ အချို့နေရာများတွင် တိုးတက်မှု ရှိခဲ့ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ကနေဒါနိုင်ငံနှင့် ဟောင်ကောင်နိုင်ငံတို့၏ စီမံမှုများကို ချီးကျူးဂုဏ်ပြုပါသည်၊ အဆိုပါနေရာများရှိ အများပြည်သူကို အနည်းဆုံးသော အန္တရာအလားအလာဖြင့် သင်္ဘောသားများအတွက် သင်္ဘောပေါ်မှဆင်းရန်နှင့် သင်္ဘောသား အသစ်တို့ဖြင့် အလုပ်လွဲပြောင်းရန် နည်းလမ်းများကို သွတ်သွင်းပေးခြင်းကြောင့်ဖြစ်ပါသည်။ ယူနိုက်တစ်ကင်ဒန်သည်လည်း မိမိ၏ လုပ်ရမည့်အပိုင်းကို မိမိတို့၏ ကုန်းပေါ်၌ သင်္ဘောသား အနည်းငယ်သာ ရှိနေသည့်တိုင် လုပ်ပေးခဲ့သည်။  ဖိလစ်ပိုင်နိုင်ငံ၏ ဇူလိုင်လက ကြေညာခဲ့သည့် 'အစိမ်းရောင် လမ်းကြောင်းများ' ကြောင့် ဤအရေးပါသည့် သင်္ဘောသား အလုပ်သမားအင်အားစု၏ အိမ်ပြန်မည့်ကိစ္စနှင့် အလုပ်အလွဲအပြောင်းလုပ်မည့်ကိစ္စအတွက် ထိရောက်သော နည်းလမ်းကို မြင်တွေ့ပါမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ 

သို့သော်လည်း အချို့အစိုးရများမှာ နောက်ပြန်ဆွဲခဲ့ကြသည်။ နိုင်ငံများမှာ သင်္ဘောသားများအတွက် ကုန်းတက်ခွင့်ကို ရုပ်သိမ်းခြင်း သို့မဟုတ် သူတို့၏ နယ်စပ်များကို နေ့စဥ် ဝင်ရောက်ရန် ခွင့်ပြုသည့် လူအရေအတွက် ကန့်သတ်ခြင်းတို့ကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည်။ ၎င်းသည် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေး လည်ပတ်မှုနှင့်အတူ ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့နေမည့် တစ်ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလုပ်ငန်း ကဏ္ဏသို့ ပြန်ရောက်ရေးကို အထောက်အကူပြုမည် မဟုတ်သည့်အပြင် အဆိုပါ လုပ်ရပ်များသည် သင်္ဘောသားများ အသည်းအသန် လိုအပ်သည့် လူသားချင်းစာနာထောက်ထားသည့် လူစားလဲလှယ်ပေးခြင်းကို ဆောင်ကျဥ်းပေးမည် မဟုတ်ပါ။

ဇူလိုင်လ၌ ကျွန်ုပ်တို့သည် ယူနိုက်တစ်ကင်ဒန်မှ ကြီးမှူးကျင်းပပေးခဲ့သည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးနှင့် ပတ်သက်သည့် အပြည်ပြည်ဆုင်ရာ ပင်လယ်ရေကြောင်း စင်စစ်နီးပါး ညီလာခံ (International Maritime Virtual Summit on Crew Changes) ၌ အစိုးရအဖွဲ့ 13 ဖွဲ့၏ ကတိကဝတ်များကို ကြိုဆိုခဲ့ပါသည်။ သူတို့သည် သင်္ဘောသားများအတွက် ဗီဇာ၊ နယ်စပ်နှင့် အထိတွေ့မဲ့ အထီးကျန်နေခြင်းဆိုင်ရာ ခြွင်းချက်များ လုပ်ပေးမည်ဟု ကတိပြုခဲ့ပါသည်။ ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့များသည် ဤကတိကဝတ်များကို သူတို့ အမှန်တကယ် လုပ်ပေးကြောင်းနှင့် သင်္ဘောသားများအတွက် သင်္ဘောသို့ အသွားအပြန် လေယာဥ်ခရီးများ ပိုမိုပြေးဆွဲပေးရန် ပံ့ပိုးပေးကြောင်း စောင့်ကြည့်နေမည်ဖြစ်ပါသည်။ ထို့ပြင် ITF နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့များသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပေါ် အားထားနေရသည့် နိုင်ငံများ၏ အစိုးရများအား မိမိတို့၏ ကျရာတာဝန်ကို ထမ်းဆောင်ပေးရန်နှင့် မိမိတို့၏ ကိုယ်ပိုင် ကတိကဝတ်များလုပ်ပေးခြင်းဖြင့် ဖြစ်နေဆဲတိုးတက်မှုကို ပူးပေါင်းလုပ်ဆောင်ပေးရန် စိန်ခေါ်နေပါလိမ့်မည်။ အဆိုပါ နိုင်ငံများတွင် သြစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ တို့ပါဝင်သည်။

ရှေ့ဆက်လုပ်ရန်အတွက် ITF အနေဖြင့် လုပ်ပေးလိမ့်မည်မှာ-

  • 'တော်လောက်ပြီ ဆက်လက် သည်းမခံနိုင်တော့ပါ' (‘Enough is Enough’) ဟု ဆိုသည့် ကျွန်ုပ်တို့၏ လှုံ့ဆော်မှုကို ဆက်လက်လုပ်သွားလိမ့်မည်ဖြစ်ပြီး သင်္ဘောသားများအား မိမိတို့၏ အလုပ်ကန်ထရိုက် ကုန်ဆုံးပြီးပြီးချင်း အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းရန်၊ သင်္ဘောပေါ်မှဆင်းရန်ဖြစ်သည့် မိမိတို့၏ အခွင့်အရေးကို အသုံးချရာ၌ ဆက်လက် ပံ့ပိုးသွားပါလိမ့်မည်။
  • ကျွန်ုပ်တို့၏ အဖွဲ့ဝင် အသင်းအဖွဲ့ သမဂ္ဂများတို့နှင့်အတူယှဥ်လျက် လုပ်ကိုင်သွားပါလိမ့်မည်၊ ဤ တစ်ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအင်အားစုအတွက် လည်ပတ်နေမည့် သင်္ဘောဝန်ထမ်း အပြောင်းအလဲလုပ်ရေးများ ပြန်လုပ်ရန် လိုအပ်သည့် ဗီဇာများ၊ အထိတွေ့မဲ့ အထီးကျန်နေခြင်း၊ လေယာဥ်ခရီးစဥ်များ နှင့် အခြားသော ကိစ္စများနှင့်ပတ်သက်၍ အရေးယူလုပ်ဆောင်ပေးရန်အတွက် အစိုးရများအပေါ် လှုံ့ဆော်ရန်ဖြစ်ပါသည်။
  • မိမိတို့၏ အလုပ်ကန်ထရိုက် ကုန်ဆုံးပြီးပြီးချင်း အလုပ်လုပ်ခြင်းကို ရပ်ဆိုင်းရန်နှင့် အိမ်ပြန်ပို့ခံရရန် မိမိတို့၏ လူ့အခွင့်အရေးကို အသုံးချခြင်းအတွက် သင်္ဘောသားများအပေါ် ခြိမ်းခြောက်ရန် သို့မဟုတ် နာမည်ပျက်စာရင်းသွင်းရန် မည်သို့သော အားထုတ်မှုမျိုးကိုမဆို ရှုပ်ချပေးပါလိမ့်မည်။
  • ပို၍ပို၍ မောပန်းပြီး ပင်ပန်းနွမ်းနယ်နေကာ စိတ်ပိုင်းဆိုင်ရာအရ စိတ်သောကရောက်နေသည့် သင်္ဘောဝန်ထမ်းများဖြင့် လုပ်ငန်းလည်ပတ်နေသော ကမ္ဘာ့ သင်္ဘောအုပ်စု၏ ရှောင်လွှဲမရနိုင်သော နောက်ဆက်တွဲ ပြဿနာများအတွက် သင်္ဘောသားများအပေါ် ရာဇဝတ်ပြစ်ဒဏ်ထိုက်ရန် သို့မဟုတ် အပြစ်တင်ရန် မည်သို့သော အားထုတ်မှုမျိုးကိုမဆို ရှုပ်ချပေးပါလိမ့်မည်။
  • ဤအကျပ်အတည်းကို အစိုးရများအနေဖြင့် လေးလေးနက်နက် သဘောထားပေးစေရန် အခြားသော နည်းလမ်းများကို ရှာဖွေပေးပါလိမ့်မည်။

စကားလုံးများချည်း သက်သက်ဖြင့် မလုံလောက်ပါဟု ကျွန်ုပ်တို့ စောစောပိုင်းက ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ စကားလုံးချည်းသက်သက်အားဖြင့် ဤသင်္ဘောများပေါ်မှ ကျွန်ုပ်တို့၏လူများကို ဆင်းပေးမည် မဟုတ်ပါ။ စကားလုံးချည်းသက်သက်အားဖြင့် အိမ်၌ရှိနေကြသည့် အလုပ်လက်မဲ့ သင်္ဘောသားများအား အလုပ်သို့ပြန်ရောက်လာအောင် လုပ်ပေးမည် မဟုတ်ပါ။ စကားလုံးချည်းသက်သက်အားဖြင့် ဘေးအန္တရာယ်ကို ရှောင်ကြဥ်ပေးမည် မဟုတ်ပါ။

ကျွန်ုပ်တို့ အရေးယူလုပ်ဆောင်ချက်ကို တောင်းဆိုပါသည်။

ကျွန်ုပ်တို့၏  ဆက်စပ်သည့် သတင်းထုတ်ပြန်ချက် ကိုဖတ်ရှုပါ။

အကယ်၍ သင်သည် ချက်ချင်း အကူအညီ သို့မဟုတ် ပံ့ပိုးမှုကို လိုအပ်သည့် သင်္ဘောသား တစ်ဦးဖြစ်လျှင် ITF သင်္ဘောသားများ ပံ့ပိုးမှု ကိုဆက်သွယ်ပါ

 

မှတ်ချက်အသစ်များတင်ခြင်း

Restricted HTML

  • Allowed HTML tags: <a href hreflang> <em> <strong> <cite> <blockquote cite> <code> <ul type> <ol start type> <li> <dl> <dt> <dd> <h2 id> <h3 id> <h4 id> <h5 id> <h6 id>
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.